Picture
            ဂိမ်းတွေ စထွက်ကတည်းက အရမ်းနှစ်သက်ခဲ့တဲ့ဂိမ်း။ အခုလို ဇာတ်လမ်းပြန်ရိုက်လိုက်တော့    လည်း ဇာတ်လမ်းရဲ့ တချို့နေရာတွေမှာ သိပ်ဘ၀င်မကျပေမယ့် ပါးရှားမင်းသားအပေါ်မှာ ဂိမ်းက တည်းက နှစ်သက်ခဲ့တဲ့ သံယောဇဉ်နဲ့ နှစ်သက်မိတယ်။ သူ့ရဲ့ အက်ရှင်နဲ့ အန်နီမေးရှင်းက ပရိသတ်ကို
ကောင်းကောင်းကျေနပ်မှုပေးနိုင်တယ်လို့ ထင်တယ်။ မဖြစ်နိုင်တာတွေ အရမ်းများပေမယ့်
အစကတည်းက မဖြစ်နိုင်တာတွေကို ရိုက်ပြနေတာကို ကြည့်နေတာပဲ ဆိုတော့ အတော် အဆင်ပြေသွားတယ်။ ဒါပေမယ့် မဖြစ်နိုင်တာတွေကိုပဲ သူ့ရဲ့ စိတ်ကူးယဉ်လေးက အတော်တော့ ကျေနပ်စရာ အကောင်းသား။ သရုပ်ဆောင်ပိုင်းအရ ဆိုရင်တော့ မဆိုးပေမယ့် သိပ်ကျေနပ်စရာတော့ မကောင်းလှဘူး။ ဇာတ်ကား တကားလုံးစာခြုံပြောရမယ်ဆိုရင်တော့ အရမ်းကောင်းတဲ့ ဇာတ်ကားတကား မဟုတ်ပေမယ့် တခါကြည့်ရုံတော့ စိတ်ကျေနပ်ဖွယ်ရာကောင်းတဲ့ အလယ်အလတ်အဆင့် ဇာတ်ကားကောင်း တကားလို့ ညွှန်းချင်တယ်။ ကျွန်တော့်အမြင်အရဆိုရင်တော့ ဒီဇာတ်ကားကို ၆/၁၀ လောက်ပေးမယ်။

ဇာတ်လမ်းအကျဉ်းချုပ်။     ။ဇာတ်လမ်းက ပါရှားပြည်မှာ ဘုရင်က သူနဲ့ သွေးမတော် သားမစပ် ကောင်လေးတယောက်ကို မွေးစားလိုက်ရာက စတယ်။ သူက နန်းသွေးမပါတဲ့ ပါရှားရဲ့ မင်းသားတပါး ဖြစ်လာတယ်။ သူအရွယ်ရောက်လာတဲ့ အခါမှာ ဘုရင့်ညီတော်ရဲ့ စုံစမ်းမှုတွေအရ Alamut ဆိုတဲ့ Holy City က ပါရှားရဲ့ ရန်သူတွေကို လက်နက်ထောက်ပံ့နေပါတယ်လို့ သိတဲ့ အခါ သူတို့ အဲသည့် အာလာမက်ကို စစ်ချီထွက်ကျတယ်။ အဲသည်မှာ မင်းသား ဒက်စတန်(မွေးစားသား)က သူ့ကို မှာထားတဲ့ စကားကို နားမထောင်ဘဲ မြို့ထဲကို ခိုးဝင်ပြီး မြို့တံခါးကို ဖွင့်ပြီး စစ်ချီစေခဲ့တယ်။ အဲဒီအချိန်မှာ စစ်အရေးနိမ့်နေတာကို သိတဲ့ မင်းသမီးက သူတို့ရဲ့ ရတနာ ဓားကို ယူပြီး သူ့ရဲ့ ငယ်သားတယောက်ကို ထွက်ပြေးစေတယ်။ ဒါပေမယ့် ထင်သလိုမဖြစ်ဘဲ အဲဒီဓားက မင်းသား ဒက်စတန်ရဲ့လက်ထဲကို ရောက်သွားတယ်။ ပါရှားမင်းသားရဲ့တောင်းဆိုချက်အရ မင်းသမီးက မင်းသားအကြီးနဲ့ လက်ဆက်ဖို့ သဘောတူလိုက်တယ်။ ဒက်စတန်က သူ့ကို အပြစ်တင်မှာစိုးရိမ်ပေမယ့် သူ့ကို ၀ိုင်းချီးကျူးခဲ့ကြတယ်။ နန်းတော်ကိုပြန်ရောက်တော့ ဘုရင်ကို လက်ဆောင်တွေ ပြန်ဆက်ရာမှာ ပေးဖို့ ဆိုပြီး ဒက်စတန်ကို သူ့ရဲ့ အစ်ကို မင်းသားက ၀တ်ရုံတခုလာပေးတယ် ဒက်စတန်ကလည်း ညီလာခံထဲမှာပဲ သူ့ရဲ့ မွေးစားဖခင် ဘုရင်ကြီးကို ဆက်လိုက်တယ် ဒါပေမယ့် မမျှော်လင့်ဘဲ အဲဒီဝတ်ရုံက အဆိပ်တွေပါနေပြီး ဘုရင်က အဲဒီ့နေရာမှာ လဲကျသွားတော့ လူအားလုံးက ဒက်စတန်ကို ၀ိုင်းဖမ်းဖို့ ကြိုးစားရာမှာ ဒက်စတန်က အာလာမက် မင်းသမီးနဲ့ အတူ ထွက်ပြေးသွားခဲ့တယ်။ ဒက်စတန်က သူ့ရဲ့ရိုးသားမှုကို ပြဖို့ ကြိုးစားရင်း ဒါ သူ့ရဲ့ မွေးစားဦးလေးရဲ့ အကောက်ကြံမှုနဲ့ ဘာကြောင့် အခုလို လုပ်ကြံဖို့ကြံစည်သလဲဆိုတာကို သူသိသွားတဲ့အခါမှာဆိုပြီး ဇာတ်လမ်းကို မထင်မှတ်တဲ့ အကောက်အကွေ့လေးတွေနဲ့ စိတ်ဝင်စားစရာ ဇာတ်ကားလေးတကားပါ။

 
Picture
            ကြာတော့ကြာပါပြီ ၁၉၉၃ ခုနှစ်က ဇာတ်ကားလေးပါ မင်းသားက ကျွန်တော့်ရဲ့ ဖေးဘရိတ် Johnny Depp နဲ့ Leonardo Dicaprio။ ဇာတ်လမ်းက တော်ရုံတန်ရုံ မိန်းကလေးတွေ အတွက် ဆိုရင်တော့ မျက်ရည်ပေါက် ပေါက်ကျသွားစေအောင် ၀မ်းနည်းမိအောင် ရိုက်ထားတဲ့ Drama ဇာတ်ကားအမျိုးအစား။ ဂျွန်နီနဲ့ လီယိုနာဒို ရဲ့သရုပ်ဆောင်ချက်တွေက ဒီဇာတ်ကားရဲ့ တကယ့် အခရာပဲလို့ ပြောနိုင်တယ်။ အရမ်းငယ်သေးပေမယ့် ဒီဇာတ်ကားနဲ့အတူ လီယိုနာဒိုက အော်စကာဆုပေးပွဲရဲ့ ဇာတ်ရံဆုအတွက် ပဏာမအရွေးခံခဲ့ရတယ်။ သူ့ရဲ့ ပထမဆုံး ပဏာမရွေးခံရတဲ့ဇာတ်ကားလို့ သိရပါတယ်။ တချို့ကဆို တကယ့် စိတ်မနှံတဲ့ကောင်လေးကိုများ ထည့်ရိုက် ထားသလားလို့ ထင်ခဲ့ရတယ်လို့ ပြောရလောက်အောင် သူ့ရဲ့ သရုပ်ဆောင်ချက်က ဇာတ်လမ်းနဲ့ အံဝင်ခွင်ကျ နိုင်လွန်းလှတယ် ကျွန်တော် နှစ်သက်မိတဲ့ ဒီဇာတ်ကားကို ၈/၁၀ လောက်ပေးချင်တယ်....

ဇာတ်လမ်းအကျဉ်းချုပ်။ ။ Johnny Depp က ဒီဇာတ်ကားမှာ Gilbert Grape အဖြစ် သရုပ်ဆောင်သွားပါတယ်။ သူ့ရဲ့ မိသားစုမှာ သူက ငွေရှာပေးတဲ့ တခုတည်းသော ယောက်ျားလေးပါ။ သူ့ရဲ့ အဖေ ဆုံးသွားပြီးကတည်းက အမေက အိမ်ထဲက အိမ်ပြင် လုံးဝမထွက်တော့ပဲ စားသောက်နေလိုက်တာ တချိန်က အချောဆုံးဆိုတဲ့သူ့အမေက အ၀လွန်ပြီး အိမ်ပေါ်တောင် မတက်နိုင်တော့ပါဘူး။ သူ့ရဲ့ ညီမတယောက်က ကျောင်းမှာ စားဖိုမှုးလုပ်ခဲ့ဖူးပေမယ့် အဲဒီကျောင်းမီးလောင်သွားတဲ့ အခါမှာတော့ အလုပ်မရှိတော့ပဲ အိမ်မှာပဲ အိမ်မှုရေးရာကို စီမံနေရသူပါ။ နောက်ထပ် ညီငယ်ကတော့ Leonardo ပါ။ သူကတော့ ကျပ်မပြည့်ရှာတဲ့ ကောင်လေးတယောက် သူ့ကို အကိုကြီးက သွားလေရာ နေရာခေါ်သွားရပါတယ်။ အငယ်ဆုံးကောင်မလေးကတော့ အိမ်မှာပဲ နေပြီးကျောင်းတက်နေတဲ့သူပါ။ ဂျွန်နီက မြို့လေးရဲ့ တခုတည်းသော ကုန်စုံဆိုင်မှာ အလုပ်လုပ်ပါတယ်။ ဒါပေမယ့် အဲဒီမြို့လေးမှာပဲ စူပါမားကက်ကြီးတခုက လာဖွင့်တဲ့ အခါ သူတို့ရဲ့ ဆိုင်ကလေးက ယိုင်နဲ့ နဲ့ အနေအထားရောက်သွားခဲ့တယ်။ ဂျွန်နီက သွားလေရာနေရာတိုင်းကို လီယိုကို ခေါ်သွားပေမယ့် ဖြစ်တတ်တဲ့ ပြသနာက လီယိုဟာ အမြင့်ကိုတွေ့ရင် တက်ချင်တာပဲ လူလစ်လိုက်တိုင်း လီယိုက အနီးနားက ရေစင်ကြီးတွေပေါ်ကို တက်လွန်းလို့ ရဲတွေနဲ့ဂျွန်နီ မကြာခဏ စကားများရပါတယ်။ ဂျွန်နီက သူ့ရဲ့ ဘ၀ကို မိသားစုအတွက် နှစ်မြုပ်ထားပြီး သူ့ရဲ့ ခံစားချက်တွေ အကုန်လုံးကို စွန့်လွှတ်ထားခဲ့သူ၊ သူတို့မြို့ကလေးကို အလည်တခေါက်အဖြစ်ရောက်လာခဲ့တဲ့ ကောင်မလေးနဲ့ ချစ်ကြိုးနွှယ်မိပေမယ့် သူ့မိသားစုအတွက် သူ့ရဲ့ ခံစားချက်တွေကို လျစ်လျူရှုခဲ့တယ်။ ဖြစ်ချင်တော့ တနေ့မှာ လီယိုရေစင်ပေါ်တက်ပြီး အပြန်မှာ ရဲတွေက ဖမ်းသွားပါတယ်၊ သူ့ရဲ့ အမေက အရမ်းကို သူ့သားအတွက် စိတ်ပူပြီး ရဲစခန်းကနေ သူ့သားကို ထုတ်ပေးဖို့ပြောပါတယ်။ အဲဒီမှာ လူတွေက အ၀လွန်ဖြစ်ပြီး ဝေလငါးကြီးတကောင်လိုဖြစ်နေတဲ့ သူ့ကို အထူးအခြားအဖြစ်ဝိုင်းကြည့်နေတာကိုတွေ့တဲ့အခါ အရမ်းရှက်သွားပြီး အိမ်ထဲက အိမ်ပြင်ကို လုံးဝမထွက်ရဲတော့ပဲ အရမ်းမျှော်လင့်ထားတဲ့ သားငယ် လီယိုနဲ့မွေးနေ့ပွဲကိုတောင် မသွားဖြစ်ခဲ့ပါဘူး။ တပြိုင်တည်း သူ့ကြောင့် ဂျွန်နီအပေါ်မှာ ဘယ်လောက် ၀န်ထုပ်ဝန်ပိုး ဖြစ်သွားရလည်းဆိုတာကို သိသွားခဲ့ပါတယ်......

 
Picture
            ဇာတ်ကြမ်းကြမ်းလေးနဲ့ Action ဇာတ်ကားတွေ ကြိုက်တဲ့သူတွေအတွက်တော့ နှစ်ခြိုက်စေမယ့် ဇာတ်လမ်းတပုဒ်ပေါ့။ ဒီဇာတ်ကားလေးကို ကြည့်ရင်း John Travolta ရဲ့ တမူထူးတဲ့ သရုပ်ဆောင်ပုံ၊ Meyers ရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေ ကို လေးစားသဘောကျမိပါတယ်။ တကယ် သရုပ်ဆောင် ပီပြင် ကျွမ်းကျင်သူနှစ်ယောက်က ဒီဇာတ်လမ်းရဲ့ အခရာပါ။ ဒါပေမယ့် ဇာတ်လမ်း၊ ဇာတ်အိမ်တွေကတော့ အားနည်းလွန်းလှပါတယ်။ အဲဒီအတွက် ဒီဇာတ်လမ်းကို ကျွန်တော့် အမြင်အရ ဆိုရင်တော့ ၆/၁၀ လောက် ပေးချင်တယ်။


ဇာတ်လမ်းအကျဉ်းချုပ်။       ။ Meyers က ဒီဇာတ်ကားမှာ ပါရီမှာရှိတဲ့ အမေရိကန်သံရုံးက သံရဲ့ Personal Assistant ပါ။ သူ့ကို သူ့ရဲ့ ဆရာက သဘောကျတာနဲ့ အညီ လျို့ဝှက် အလုပ်တချို့ကို ခိုင်းလေ့ခိုင်းထရှိပါတယ်။ သူကလည်း Secret Special Agent အဖြစ်ကို သဘောကျသူ လိုချင်သူပါ။ နောက်တခုက သူ့မှာ တအိမ်ထဲနေ ချစ်သူတယောက်ရှိတယ် သူအရမ်းချစ်တဲ့ မကြာခင်လက်ထပ်ဖို့ စီစဉ်ထားသူတယောက်ပေါ့။ တရက်တော့ အထက်ကအမိန့်အရ လေဆိပ်မှာ သံသယကြောင့် ထွက်မရဖြစ်နေတဲ့ Wax(John Travolta) ဆိုသူ Special Agent ကိုသွားကြိုရပါတယ်။ သူ့ရဲ့ တာဝန်က Wax ရဲ့ ပါတနာ အဖြစ်အလုပ်လုပ်ဖို့ပါ။ ရောက်မဆိုက်ပဲ သူသိလိုက်တာက Wax ဟာ ခပ်ကြမ်းကြမ်းနေတတ်တဲ့ အပစ်အခတ်ကျွမ်းကျင်တဲ့ Special Agent ဆိုတာပါပဲ။ သူတို့က ပြင်သစ်မှာ ကျင်းပမယ် Africa Summit မှာ လာမယ့် အမေရိကန်ရဲ့ အထက်အရာရှိတယောက်ကိုလည်း အန္တာရယ်က ကင်းအောင် ကြိုတင် နှိမ်နင်းဖို့တာဝန်ယူရပါတယ်။ အဲဒီမှာ သူ့ဇာတ်လမ်းလေးရဲ့ လှည့်ကွက်ကလေးကတော့ သဘောကျစရာပါပဲ။

 
Picture
            ဘာသာစကားကိုနားမလည်ဘဲ ကြည့်ခဲ့ဘူးတဲ့ ဇာတ်ကားတွေထဲမှာ ဒီဇာတ်ကားက အနှစ်သက်ဆုံး ဇာတ်ကားပါပဲ။ ဂျာမန်ကားပါ။ ဒီဇာတ်ကားက ၇၉ကြိမ်မြောက်  အော်စကာဆုပေးပွဲမှာလည်း  အကောင်းဆုံး နိုင်ငံခြားဘာသာစကားရုပ်ရှင်ဆုကို ရရှိခဲ့ပါတယ်။ ဇာတ်လမ်းအမျိုးအစားက Drama ပါ။ ဒီဇာတ်ကားမှာ မင်းသားကြီး Ulrich Mühe ရဲ့ သရုပ်ဆောင်မှုဟာ အံ့မခန်းလောက်ပဲလို့ကို ချီးကျူးလို့ရပါတယ်။ သူစကားများများမပြောခဲ့ရပါဘူး ဒါပေမယ့် ခံစားချက်ကို မျက်လုံး မျက်နှာတို့နဲ့ပဲ သရုပ်ဆောင်သွားပြီး လိုအပ်တဲ့ ဇာတ်သရုပ်ကို ပီပြင်အောင်ဖော်ပြနိုင်တာဟာ တကယ့်ကို လေးစားစရာအချက်ပါ။ ပြီးတော့ ဇာတ်လမ်းမှာ မလိုအပ်တဲ့ အပိုတွေကို ရှင်းမပြဘဲ လိုချင်တဲ့ ပွိုင့်ကိုရောက်အောင် လိုအပ်တဲ့နေရာမှာ ပြခဲ့တဲ့ တင်ဆက်ပုံဟာ ဒါရိုက်တာ ဇာတ်ညွှန်းဆရာတွေရဲ့ ကျွမ်းကျင်မှုတွေပဲ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့တော့ ဒီဇာတ်ကားကို ၁၀/၁၀တောင် ပေးပစ်ချင်ပါတယ်။


ဇာတ်လမ်းအကျဉ်းချုပ်။    ။Ulrich Mühe က ဒီဇာတ်ကားမှာ အရှေ့ဂျာမနီရဲ့ ရဲအရာရှိတယောက်ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ အနောက်ကို ထွက်ပြေးဖို့ ကူညီတဲ့ သူတယောက်ကို စစ်ရင်း ဘယ်လိုစစ်ရတယ်ဆိုတဲ့သင်တန်းကို ပို့ချရင်းစလိုက်တာပါ။ သူ့ရဲ့ တာဝန်နောက်တခုကတော့ အရှေ့အစိုးရကို ပုန်ကန်တဲ့ အဖွဲ့အစည်းကို ထောက်ခံတဲ့ စာရေးဆရာတယောက်ကို စပိုင်လုပ်ဖို့ပါ။ အထက်ကအမိန့်အရ အဲဒီစာရေးဆရာရဲ့ အိမ်မှာ အသံဖမ်းကိရိယာတွေ အများကြီးတတ်လိုက်ပါတယ် ပြီးတော့ သူနဲ့ သူ့ရဲ့ လက်ထောက်နဲ့က ပြောသမျှအကုန်လုံးကို နားထောင်ပြီး Report တွေ လိုက်ရေးရတာပါ။ ဒီအလုပ်ကိုလုပ်ရင်း ဒီစာရေးဆရာလင်မယားကို သူခင်တွယ်လာပြီး ရက်စက်တတ်တယ်ဆိုတဲ့ သူ့နှလုံးသားက လှုပ်နှိုးလာချိန်မှာတော့ ဇာတ်လမ်းက အကွေ့အကောက်တွေနဲ့ စိတ်ဝင်စားဖွယ်ရာဖြစ်လာပါတယ်။

This is your new blog post. Click here and start typing, or drag in elements from the top bar.
 
Picture
            ကျွန်တော် အနှစ်သက်ဆုံး ဇာတ်ကားတကားပေါ့။ ဇာတ်လမ်းရဲ့ တင်ပြပုံဟာ စွဲမက်ဖွယ်ကောင်းပါတယ်။ Action နဲ့ Drama အမျိုးအစားလို့ သတ်မှတ်နိုင်ပါတယ်။ ဒီဇာတ်လမ်းမှာ သဘောကျတာလေးတွေက နိမိတ်ပုံ တင်ပြချက်တွေပါပဲ။ အဓိပ္ပါယ်တခုကို ကြိုတင်ဖွင့်ပြောထားတာကို မသိစေလိုက်ပါဘူး။ သားသမီးတွေကို ချစ်တဲ့ ဖအေ တယောက်၊ သားတွေကို ဒုက္ခမရောက်စေချင်တဲ့ အဖေတယောက် အဖြစ်သရုပ်ဆောင်သွားတဲ့ Mel Gibson ရဲ့ အရည်အချင်းက ချီးကျူးလောက်ပါတယ်။ သူ့ရဲ့ သရုပ်ဆောင်မှု အရည်အချင်းက ဒီဇာတ်လမ်းကို သယ်သွားတာလို့ဆိုရင် မှားမယ်မထင်ပါဘူး။ ကျွန်တော့်ရဲ့ သုံးသပ်ချက်ကတော့ ၉/၁၀ လောက်ပေးပါမယ်။

ဇာတ်လမ်း အကျဉ်းချုပ်။ ။ဘင်ဂျမင်က မိန်းမဆုံးသွားတဲ့နောက် သူ့ဘာသူ အေးအေး လယ်ယာလုပ်ကိုင် စားသောက်နေတဲ့ စစ်သားဟောင်းတယောက်ပါ။ ဒါပေမယ့် အမေရိကန်တွေရဲ့ အင်္ဂလိပ်တော်လှန်ရေးက သူတို့မိသားစုကို ရိုက်ခတ်လာပါတယ်။ သူက သူ့ရဲ့သားတွေကို စစ်ထဲမ၀င်စေချင်ပေမယ့် သားဖြစ်သူကတော့ စစ်ထဲကို လိုက်သွားခဲ့ပါတယ်။ ဒီထက်ပိုဆိုးတာက သူတို့အိမ်နားမှာ စစ်ဖြစ်သွားတာပါပဲ။ သူကတော့ စစ်ကြောင့် ဒဏ်ရာရတဲ့ အင်္ဂလိပ် အမေရိကန် အကုန်လုံးကို သူ့အိမ်မှာ ပြုစုကုသပေးပေမယ့် အင်္ဂလိပ်အရာရှိဖြစ်သူက သူ့နောက်လိုက်တွေနဲ့ အတူ သူ့အိမ်ရောက်လာပြီး ဒဏ်ရာရ အမေရိကန်တွေကို သတ်ပစ်လိုက်တယ်။ သူ့သားငယ်ကို သတ်၊ စစ်ထဲဝင်ခဲ့တဲ့ သူ့သားကြီးကို ဖမ်းပြီး သူ့အိမ်ကို မီးရှို့သွားခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ သူ့ရဲ့ တော်လှန်ရေးက စတင်အသက်ဝင်လာခဲ့ပါတယ်။

 
Picture
ဇာတ်ကားက ကျွန်တော့် ခံစားချက်အရတော့ Drama နဲ့ Mystery အမျိုးအစားလို့ သုံးသပ်မိပါတယ်။ ဇာတ်လမ်းကောင်းတခုပါ လီယိုနာဒိုရဲ့ သရုပ်ဆောင်ပီပြင်မှု၊ ဇာတ်လမ်းရဲ့ ဇာတ်အိမ်ခိုင်မာမှု၊ ပြီးတော့ တွေးတောစရာပေးထားတဲ့ Hints တွေနဲ့ အတူ သူလိုချင်တဲ့ ဇာတ်လမ်းရဲ့ Twist တခုကို ကျွမ်းကျွမ်းကျင်ကျင် တင်ပြသွားတာပါ။ အဲဒီမှာ ကျွန်တော် ထူးထူးခြားခြားဂရုစိုက်မိတာကတော့ Screenplay ပါပဲ။ ကျွန်တော် အကုန်လုံး နားမလည်ဘူးလို့ ၀န်ခံပါတယ်။ ဒါပေမယ့် နားလည်သလောက် သူ့ရဲ့ ဇာတ်ညွှန်းခွဲဝေမှုဟာ အတော်ကို ကျေနပ်ဖွယ်ရာပါပဲ။ ကျွန်တော်ကတော့ ဒီဇာတ်ကားကို ၉/၁၀ လောက်ပေးချင်ပါတယ်။

ဇာတ်လမ်းအကျဉ်းချုပ်။     ။ဒင်နီယယ်က ဒီကျွန်းပေါ်မှာပျောက်သွားတယ်ဆိုတဲ့ အန္တာရယ်ရှိ စိတ်ဝေဒနာသည်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရယူဖို့ ရောက်လာသူ US Marshall ပါ။ သူနဲ့အတူ သူ့ရဲ့ ပါတနာတယောက် "ချက်" ပါလာပါတယ်။ အဲဒီမှာ သူစုံစမ်းမှုတွေ လုပ်တော့ သူစတွေ့လိုက်တာက သံသယတွေပါပဲ။ အဲဒီသံသယတွေ နောက်ကိုလိုက်ရင်းလိုက်ရင်း US Marshall တယောက် ဘယ်လို စုံစမ်းထောက်လှမ်းတယ်ဆိုတဲ့ အကြောင်းတွေကို ရင်သပ်ရှုမောလောက်အောင် တင်ဆက်ထားတာပါ။