ရွံ့ရှာ ထင်သေး
မင်းတို့တွေးလည်း
အညှီအဟောက်
အရွှန်းဖောက်သည်
ရိုင်းသည်ဆိုလည်း
ထင်ပေရော့......

ရုန့်ရင်းကြမ်းတမ်း
မိုက်ရမ်းရမ်းလျက်
ယမကာ မလစ်
ငါ့အဖြစ်သည်
လူအရိုင်းစစ်စစ်ဖြစ်ချေမည်......

ဘုရား တရား ဦးထိပ်ထားလျက်
ယဉ်ကျေး နှုတ်ချို
သင်တို့ဆိုကာ
ဝတ်စား လုံခြုံ
သင်တို့ပုံကား
လေးစားလောက်ဖွယ်
လွန်တင့်တယ်၏..........

အားလုံး ထိုထို မဆိုသော်လည်း
ငါသိသမျှ
မြင်သမျှကား
ဘုရားဘုရား ပါးစပ်ဖျားလည်း
တရား လက်လွတ်နေချေပြီ
ကုသိုလ်အလှု လွန်ပြုသူလည်း
အကျိုးအတွက် ရည်ရွယ်ပြီ
အပေးအကမ်း လွယ်လွယ်လှမ်းလည်း
ပြန်ရချက်ကို ခင်တွယ်သည်........

တရားကိုမရှာ
တရားသာနာလျက်
စိတ်ပုတီးကိုကိုင်
ဒေါသစိုင်ခဲ အမျက်သဲလျက်.........

ရိုင်းချင်ရိုင်းပစေ
မယုတ်မာပေးဘူး
စိုင်းချင်သလို စိုင်းပစေ
ဒုက္ခပင်လယ်မဝေစေဘူး
ရိုင်းချင်သလိုရိုင်း
စိုင်းချင်သလိုစိုင်းလည်း
ကတိမြဲမြံ
တရားမှန်လျက်
အမွဲဘဝ
ကျေနပ်ရပြီ
အရေခြုံသော ၀ံပုလွေသည် ဘယ်သူနည်း..........


နေဦး
(၂၀၁၀ ဇန္န၀ါရီ ၂၇၊ ညနေ ၅း၄၃)

 
Ada ..... Ada ..... Ada
တမ်းတခြင်း စွဲလမ်းခြင်း ချစ်ခြင်း အကြောင်းအမျိုးမျိုးကို ခေါင်းစဉ်တပ်ခဲ့သည့် ကျွန်တော်က သူမကို ခေါ်တတ်သည့် နာမည်ဖြစ်သည်။

အရာရာက ညင်သာလွန်းလှသည် နောက် ခွဲခြားဖို့ရန် ခက်လွန်းလှသည်။ မျက်လုံးများက ရီဝေတိမ်ဝါးနေရင်း အဖြူနှင့်အမဲကို ကျွန်တော်မကွဲ။ အရောင်တွေက နီးကပ်လွန်းလှသလို ကျွန်တော့်အမြင်ကလည်း မစူးရှလွန်းတာပါသည်။ ရုပ်ပုံကားချပ်တို့သည် ၀ိုးတိုးဝါးတား။ တခါတခါ အားပြတ်နေသူတယောက်လို၊ အမူးလွန်နေသူတယောက်လို ပုံရိပ်တွေက လူးလားဆန်ခတ်နေသည်။ စကားတွေ အရမ်းများလာသလားတော့ ကျွန်တော်မသိ။ သိတာတော့ တခုရှိသည် ကျွန်တော် ကောင်းကောင်းမသိချင်တော့။

ကျွန်တော် အိပ်မက်ထဲမှာလား ဒါ အိပ်မက်လားဆိုတာလည်း ကျွန်တော်မသိ။ နိုးတ၀က် အိပ်တ၀က်နှင့် မျက်လုံးများက အရောင်စူးရှရှတွေကိုပဲ မြင်သည်။ အသိတွေက လူးလွန့်လှလွန်းသည်။ မပြည့်လို့ပဲ ဘောင်ဘင်ခတ်တာလား သိခြင်း တပိုင်းတစကပဲ နာကျင်စေရက်တာလား။ အိပ်မက်များလိုပင် ဘယ်က စသည်ကိုလည်း ကျွန်တော်မသိခဲ့သလို။ ဘယ်အချိန်တုန်းက ဒီနေရာကို ရောက်နေသည်ကိုလည်း ကျွန်တော်မသိတော့။ ကျွန်တော့်အတွေးများနဲ့ ထပ်တူ ကျွန်တော်ကိုယ်တိုင်ကလည်း လူးလားဆန်ခတ်နေသည်။ ကိုယ်ရပ်တည်နေရာသည် ဘယ်မှာလဲ။

လူအများလိုပဲ ကျွန်တော်လည်း ငါ ဘာလဲ ငါ ဘယ်နေရာမှာလည်း မသိ။ ဒီဇာတ်မှာ မင်းသားလား လူကြမ်းလား ဒါရိုက်တာလား ကားဆွဲလား ဒါလည်း ကျွန်တော်မသိ။ သွားစရာရှိတာ သွားပြီး စားစရာရှိတာ စားရင်း ကျွန်တော်အသက်ဆက်ရှင်နေခြင်းသာဖြစ်သည်။ ကံကောင်းတာကတော့ အလှမွေးခွေးကလေးများလို လမ်းလျှောက်မပေးရင် ခြေမသန်တာတွေ မဖြစ်လွယ်။ ကျွန်တော် သိသလောက်တွေကို ထပ်သိဖို့ကြိုးစားရင်း ထပ်မသိဖို့ ကြိုးစားရင်း အခါခါ အိပ်မောကြပစ်သည်။ တော်ရုံတန်ရုံနဲ့ ခြေသိမ်သွားမှာမှ မဟုတ်တော့လည်း အိပ်ခြင်းကပဲ ထပ်တူကြလာသလိုလို။

ဘာတွေ လိုအပ်မှန်းမသိသလို ဘာတွေတောင်းဆိုမှန်းနားမလည်မှတော့ ကျွန်တော်လုပ်နိုင်သည်က Ada ပြောသမျှကို သိသိမသိသိ လက်ခံလိုက်ဖို့သာဖြစ်သည်။ ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်လားတော့ မသိပဲ သဲတိုင်အောင် ငုပ်ဖို့ ကြိုးစားရင်း ထိပ်ဆုံးရောက်အောင် တက်ဖို့ကြိုးစားရင်းမှာပဲ Ada ပြောပြောပြတတ်တဲ့ လိုအင်တွေက ရွေ့ရွေ့သွားသည်။ ငုပ်မိသဲမတိုင်သော်လည်း ရောက်လုမတတ်ဖြစ်ဘူးတယ်ဆိုရုံနဲ့ စကားအလှခင်းတတ်မှ၊ ကြွားလုံးတွေထုတ်ထုတ်ပြီး အများကို ကိုယ့်စွမ်းဆောင်ရည်တွေ ပြတတ်မှ အလုပ်ဖြစ်မယ်ဆိုတာ အများလို မသိခြင်းကပဲ ကျွန်တော့်မှာ သောကဖြစ်နေပြီ။ အိပ်မက်ကလည်း မနိုးထသေး....

ဝိုးတ၀ါးပုံရိပ်တွေကို ပဟေဠိဆက်သလို ဆက်ရင်း အရာရာကသာ ပိုလို့ ၀ိုးတ၀ါးနိုင်လာသည်။ နောက်ပြန်လှည့်ကြည့်ဖို့ ကြိုးစားတော့လည်း အရာရာသည် မပီပြင်တော့ ကိုယ့်ကိုယ်ကိုယ်ပင် မပီပြင်ချင်တော့။ ကျွန်တော်မသိသော Ada ကို ကျွန်တော်အိပ်မက်ထဲမှာ ပြန်ရှာစရာမလိုအောင် တွေ့တွေ့နေခြင်းကို ကျွန်တော်မနှစ်သက်။ ဒါပေမယ့် သူမနဲ့ တွေ့ဖို့ အိပ်မက်ထဲ ခဏခဏ ကျွန်တော် ၀င်လှဲတတ်သည်။

သူမ၏အသက်မပါသော လေရှုသံသဲ့သဲ့ကိုပင် ကျွန်တော်ကြားနေရသည် တိုးကပ်လွန်းသလားတော့ မသိ။ အေးစက်စက်တော့ နိုင်လွန်းလှသည်။ သူမတခါတရံပြောပြတတ်တာကတော့ ရင်ထဲမှာ မီးမြိုက်ထားသလို ပူလောင်လွန်းသည်တဲ့။ အကွေ့တွေများလွန်းသော လမ်းမှာ လမ်းသွယ်တိုင်းကို လျှောက်ကြည့်ဖို့ ကြိုးစားတဲ့ အေးစက်စက်သူမကို ကျွန်တော်ကတော့ Ada ဟုသာ ခေါ်သည်။ အိပ်မက်များက မပီပြင် ၀ိုးတ၀ါး ခုထိတော့ အဖြူလား အမဲလားလည်း ကျွန်တော်မသိသေး၊ အိပ်မက်လား လက်တွေ့လားလည်း ကျွန်တော်မသိသေး၊ အိပ်မက်မက်ရင်း နိုးနေသလိုလို ရင်တွင်းမှာ ပူလောင်တတ်သည့် သူမက ကျွန်တော့်အတွက်တော့ အေးစက်စက်ခံစားမှုကို ပေးနေဆဲဖြစ်သည်။ သူမကို မတွေ့ချင်ပေမယ့် အိပ်မက်ထဲမှာ ပြန်ရှာဖို့ ကျွန်တော် တရေးအိပ်စက်ကြည့်ဦးမည်..............

(Bulgarian စကား အရ Ada ဆိုသည်မှာ ငရဲကို ဆိုလိုခြင်းဖြစ်ပါသည်)

နေဦး
(၂၀၁၀ ဇန္န၀ါရီ ၇)

 
ကျော်လွန်ခဲ့ပြီလေ
ခရစ္စမတ်ရယ်
သိုးဆောင်း နှစ်သစ်ကူးရယ်
နှင်းတွေ ဖြူဖြူ မကျလည်း
ငါတို့ ဂွမ်းစ ဖြူဖြူတွေနဲ့ အသားကျနေသလိုပါပဲ
မဟုတ်မှန်းသိလည်း
အကျေနပ်ကြီး ကျေနပ်နေတာမျိုးမလား
ဖိုးတွမ်တီးဆိုတာ
ဖုံးဖုံးကွယ်ကွယ် မြင်ကောင်းတော့လည်း
လူကျေနပ်စရာကြီးလေ.......

ဒီနေ့ဆို ဇန်န၀ါရီ ၄ရက်မို့
ငါတို့ တိုင်းပြည် မွေးရက်ရောက်ပြီပေါ့
ငါတို့ ၄း၂၀ နဲ့ လွတ်လပ်ခဲ့
အကျေနပ်ကြီး ကျေနပ်နေသူတွေကလည်း
စည်းစိမ်တွေမူးလို့
မကျေနပ်ခြင်းများစွာနဲ့ မကျေနပ်သူတွေကလည်း
ဒေါသတွေ တရှုးရှုးနဲ့ပေါ့
ငုတ်တုတ်ထိုင်နေရင်း
ကျွန်တော်လည်း ကယ်တင်ရှင် မင်းလောင်းမျှော်ဆဲ
အစားလည်း မပျက်
အအိပ်လည်း မပျက်
ပါးစပ်ကတော့ ဂါထာတွေ ထထရွတ်တတ်တယ်
ဖိုးတွမ်တီးနဲ့ အသားကျနေဆဲပဲ.......


နေဦး
(၂၀၁၁ ဇန္န၀ါရီ ၄၊ ညနေ ၆နာရီ)

 
ကမ်းပါးမှာပဲ ပေါက်ချင်ခဲ့တဲ့ သစ်ပင်မို့
အမြစ်တွေ နှင်ထွက်
ရေစီးနဲ့ မျောချင်ရက်တယ်ဆိုလည်း
ဘယ်တတ်နိုင်ပါ့မလဲ.......

တည်တည်တံ့တံ့နဲ့
ရှင်သန်နိုင်တဲ့ ကမ်းတခုရှိပေမယ့်
သူ့အမြစ်တွေကိုက
ဟိုကမ်းကပ်ချင် ဒီကမ်းကပ်ချင်ဆိုမှတော့
ခုတ်ထွင်မရှင်းပါဘူး
သူ့ဟာသူ ရေစီးအလျဉ်နဲ့
မျောလိုက မျောစေပေါ့.......

တြိဂံတွေထက် စာရင်တော့
အပေါ်မရောက်ရင်နေ
ကျွန်တော်ကတော့ လမ်းဖြောင့်ဖြောင့်ပဲ လျှောက်တယ်........


နေဦး
(၂၂ နိုဝင်ဘာ ၂၀၁၀၊ ညနေ ၅း၂၃)

 
ရိုးသားမှုတွေ
ငယ်စဉ်ကတည်းက
ပြုစုပျိုးထောင်လာခဲ့ရာက
အရွယ်ရောက်မှုနဲ့အတူ
အပျိုရည်ပျက်သွား
ခင်ဗျားတို့ နားခါးကြသလားဗျာ....

အလင်းတွေ တောက်ပြရာ နေရာတလျှောက်
ကျွန်တော်တို့လည်း ရောင်တော်ပြန်တွေ ပေါက်ခဲ့ကြပေါ့
ဒါ နေရဲ့ အလင်းလား
လရဲ့ အလင်းလား
ဘယ်သူများ မေးခဲ့ကြတာမို့......

ပြေလည်ရာ ပြေလည်ကြောင်း
ငါးပွက်ရာ ငါးစာရောင်းထွက်တုန်းက
ငါးစာချချင်သူများအကြား
ကျွန်တော် အတော်တော့ စီးပွားဖြစ်ခဲ့သား.......

ဖားသားကို ကြိုက်သူတွေနဲ့
စကားစမြည်ပြောဖို့
ကျွန်တော်ကတော့ အသားတန်း အသွေးတန်းကိုပဲ ရွေးတယ်.........

ကျွန်တော်လည်းလေ
ပါးစပ်ရဲရဲဟနိုင်ဖို့ အရေး
ကာရာအိုကေဆိုင်များများထိုင်
အယ်ကိုဟောတွေ များမျာသောက်
အခုခေတ်ဟာ ပေါက်တတ်ကရ ပြောတတ်မှ
လူအထင်ကြီးတဲ့ ခေတ်မလား.......

Branded ဖြစ်တဲ့ အင်္ကျီကိုဝတ်
လူအထင်ကြီးစေတဲ့ ဖုန်းကိုကိုင်
ဈေးကြီးပါတယ်ဆိုတဲ့ အိတ်ကိုဆွဲ
အထဲက ဒီအကောင်က စိတ်တွေ ဘယ်လောက်ပုပ်ပွနေလဲ
လူတွေထဲမှာ ရွှိုင်းတယ်ဆိုလား ဘာဆိုလားပဲ....

ကျွန်တော်လည်း
တနေ့ထက် တနေ့
တနေ့ထက် တနေ့
ဝေးသထက် ဝေးလာခဲ့တဲ့ ရင်နဲ့
အဇ္ဈတစိတ်သဏ္ဍာန်အမှန်ကို ကျရှုံးမှုတွေ မြန်မြန်လာတယ်.........

နေဦး
(၂၀၁၀ ဒီဇင်ဘာ ၂၊ ညနေ ၆နာရီ)

 
လူတွေ အရှက်လုံဖို့ပဲ
ငါက သူတို့အပါးက ၀စ်လစ်စလစ် နေနေပြရတယ်

လူတွေ သန့်သန့်ရှင်းရှင်းနေနိုင်ဖို့ပဲ
ငါ့ခါးကြောတွေကိုတင်း
ငါ့တကိုယ်လုံးကို ပုတ်ခတ်ညှင်းဆဲတဲ့ဒဏ် ခံရတယ်

လူတွေ အမြင်လှဖို့ပဲ
ငါ့ကိုယ်တလျှောက်
မီးခြစ်ခြစ်တောက် အပူခံပေးရတယ်

လူတွေသစ်လွင်နေဖို့အရေးပဲ
ငါအသုံးတော်ခံလို့ နှစ်တွေကြာတော့
ငါ့လို အဟောင်းကို စွန့်ပစ်တတ်ကြတယ်

အ၀တ်တထည်ဘ၀နဲ့ သူတို့ လှပဖို့ ကူခဲ့တဲ့ ကျွန်တော်
အခုတော့ သူတို့ စိတ်တိုင်းကျ
လက်နှီးစုတ် ခြေသုတ်ခုံ ဘ၀နဲ့
ဆက်အသုံးတော်ခံနေရပြန်တယ်......

နေဦး
(၂၀၁၀ နိုဝင်ဘာ ၂၂၊ နေ့လည် ၁း၂၆)

.

1/28/2011

0 Comments

 
ကျွန်တော်က ရုန့်ရင်းကြမ်းတမ်း
ဒါပေမယ့် ပန်းအလှကိုမှ
မှန်းမိသူပါ....

ကျွန်တော်က ကမ်းဝေးလမ်းပျောက်
နေလိုလလို တောက်ပသူကိုမှ
တမ်းမိသူပါ.....

ကျွန်တော်က ဆင်းရဲမွဲကပ်
ဘ၀အထပ်ထပ်အမြင့်က သူကိုမှ
လှမ်းမိသူပါ.....

ကျွန်တော်က ပေပွရှုပ်ခက်
ရှင်းသန့်မြတ်တဲ့သူကိုမှ
မက်မိသူပါ.....

ကျွန်တော်က သေရည်ရစ်မူး
စည်းတွေကို ဆူးလိုခြားတဲ့သူကိုမှ
ဆက်မိသူပါ.......

ကျွန်တော်က နစ်ဝင်ချစ်ဆူး
အချစ်တွေ ရူးခဲ့ပေမယ့်
ရွှေငွေဝိုင်းဖက်
ကျောက်တလက်လက်တွေဝိုင်း
ကျွန်တော့်ဘ၀ကို အရိုင်းလို့ ထင်သူကိုမှ
အချစ်တွေ ဆက်သခဲ့မိသူပါ.........


နေဦး
(၂၀၁၀ နိုဝင်ဘာ ၉၊ ည ၉း၄၇)

 
နာမည်မှားရေးခံရတဲ့ ချက်(cheque) တစောင်လိုပဲ
တန်ဖိုးတွေ ဘယ်လောက်သယ်လာလာ
ဒီချက်တစောင်က ဖြဲဆုတ်ဖို့သက်သက်သာ ဖြစ်လာခဲ့........

နေဦး
(၂၀၁၀ နိုဝင်ဘာ ၁၃၊ မနက် ၉း၀၈)

 
နေရောင်အောက်မှာ
အသက်ရှုသံတွေ ကြောက်နေတဲ့အချိန်ထိ
ဟောဟို ကြယ်က တောက်ပနေတုံးပဲ
နေရောင်တွေ ဘယ်လောက်ပြင်းပြင်း
ဒီကန္တာက ဘယ်လိုညှင်းညှင်း
ငါ့ အတင်းတွေ ဘယ်လိုချချ
ဟိုးရှေ့ကမ်းအထိ ငါလှမ်းပြမယ်………

မကျွမ်းရင်လည်း ခပ်စိမ်းစိမ်းနေ
မလွမ်းရင်လည်း ခပ်စိမ်းစိမ်းနေ
မလွမ်းလို့ ထားခဲ့တဲ့ သီချင်း
မကျွမ်းလို့ သွားခဲ့တဲ့ တမ်းချင်းတွေအတွက်
ငါ့အဆင်းကိုပဲ ငါလှစေမယ်……….

ဟောဒီ အသည်းက
ကတ္တီပါရောင် မပေါက်လည်း
ရွှေထီးကြီးဆောင်း
မောင်းတဒူဒူဟစ်ရအောင်….


အကြောင်းမတူခဲ့ဘူး
ပြောင်းယူလို့မရတဲ့ အရာတွေအတွက်
လက်ညှိးထိုး အပြစ်ထပ်
ငါ့အသက်ပဲ ပေးအပ်တော့မယ်…..

ဒီခရီး ဒီလမ်း
ကြမ်းလည်း လှမ်းမယ်
လွမ်းလည်း လှမ်းမယ်
မဆန်းလည်း တမ်းတတတ်တဲ့ငါ့ကို လမ်းဆုံးရင် မြေဖို့ပေးပါ…….


နေဦး
(၂၀၁၀ နိုဝင်ဘာ ၉၊ ညနေ ၅း၁၈)

 
ဟောဒီ အော်သံအောက်က
"သက်သာ" ဆိုတဲ့ အနေအထားတခုမှာ
သက်ပြင်းတွေ ခါခါချ
ငါ ညည အိပ်ရေးပျက်ရပါ့ပကော....

ခြေဆစ်လေးတွေကို
ရေအေးထဲ စိမ်
အတွေးတိမ်တွေကို ပုတ်ချ
ကမ်းမမြင် လမ်းမမြင်မှာ
ငါ ရုတ်တရက် လန့်နိုးလာရပြန်ပါ့ပကော.......

အသွေးတွေ အသားတွေ
ရင်ဘတ်ထဲက အကြောင်း
ဟောင်းသွားမစိုးလို့
ခဏ ချန်ထားကြရအောင်
ငါ့ကိုယ်လည်း လှောင်ချင်လှောင်ပါ
ဘ၀ကိုလည်း ပြောင်ချင်ပြောင်ပါ
ခဏတာဆိုတာ စက္ကန့်လား မိနစ်လား နာရီလား ရက်တွေ နှစ်တွေလား
အဲဒါ ငါတို့ လိုအပ်ချက်အပေါ်မှာ မူတည်လိမ့်မယ်.....

လက်ဗလာနဲ့ လာခဲ့သူအဖို့
တောင်းခံလာသူအတွက်
အသက်နဲ့ ခန္ဓာပဲ ကျန်တော့တယ်
မြင့်မြတ်တယ်ဆိုတဲ့ အရာရာက
မည်းမှောင် တိမ်ဝါး
ငါ့ ပါးစပ်လည်း ဒီရေကြောင့် ခါးလှပြီ.........

သစ္စာ ခါးခါးက ဒီနားမှာထား
မေတ္တာအချစ်စစ်က ဒီခုံမှာတင်
ရမ္မက်ကြောင့် ဖောက်ပြားခြင်းတွေကို
ဟိုး Trash Bin ထဲ ပစ်တင်လိုက်တယ်
မင်းတို့ ကောက်ယူလိုက သွားကောက်
ငါ့ အနာဂတ်က ဖိတ်ဖိတ်တောက် မနေလည်း
ငါ့အပြုံးက အရိပ်မည်းတွေအောက်မှာ လက်တယ်
အသက်ရှုစရာမလိုဘူး
နှလုံးခုန်စရာမလိုဘူး
ဒီဒေသဟာ ငါတို့ "သက်သာ" အနေအထားကြောင့် နေ့တွေညတွေလည်း ပါးတယ်
သူငယ်ချင်း......

နေဦး
(၂၀၁၀ နိုဝင်ဘာ ၆၊ နေ့လည် ၁၁း၅၂)