ရွှေရောင်တလက်လက်
လှပတပ်မက်စရာ
ဘောပင်လေး တချောင်း။
သဘောကျတပ်မက်
လိုချင်စိတ်ဆန္ဒနဲ့
ပိုင်ဆိုင်ရှိရာ
စက္ကူကြမ်းပေါ်
............
ခြစ်ပါသော်လည်း
အရာမထင်ခဲ့
............
နေဦး
(မေ ၂ ၂၀၁၁၊ မနက် ၁၀း၀၅)
ဈေးဆိုင်ထဲအဝင်
ရွှေရောင်တလက်လက် လှပတပ်မက်စရာ ဘောပင်လေး တချောင်း။ သဘောကျတပ်မက် လိုချင်စိတ်ဆန္ဒနဲ့ ပိုင်ဆိုင်ရှိရာ စက္ကူကြမ်းပေါ် ............ ခြစ်ပါသော်လည်း အရာမထင်ခဲ့ ............ နေဦး (မေ ၂ ၂၀၁၁၊ မနက် ၁၀း၀၅)
0 Comments
အရိပ်က ကျုပ်တို့ ခြေလှမ်းနောက်
တကောက်ကောက်လိုက်နေတတ်တယ်လား... ဒီဇာတ်လမ်းမှာ ကျုပ်တို့က အရိပ်တွေနောက် တကောက်ကောက်လိုက်တယ် အရိပ်တွေ ပျံသွားတာများ ကြယ်တွေကြားမှာ လှလှပပ တမ်းတတတ်တဲ့ နှုတ်ခမ်းဖျားထက်မှာတော့ သွေးစက်တွေ သွေးစက်တွေ ကမ္ဘာကလည်း သူ့အရှိန်နဲ့သူ မလည်ပတ်နိုင်တော့ အနမ်းတွေ တွန်းအားပေးမယ့် အချိန်ကို မျှော်နေရတယ်........ လည်ပတ်နှုန်းတွေ နှေးလာတဲ့ ကမ္ဘာမှာ တနေ့ဟာ ၂၄နာရီမဟုတ်တော့ဘူး သူနဲ့ ချစ်သူ ချစ်ရည်ပလူးကြ မျက်ရည်တွေမြေခရင် အဲဒါ ညပဲ........... ခရီးတထောက်လျှောက်ဖို့ လမ်းတွေလည်းမလို ကမ်းတွေလည်း ပြိုနေပြီ မြက်ခင်းပြင်တွေက စိမ်း တောအုပ်တွေထဲမှာ ဘဝတွေယိမ်းထိုး က ဒိုရေမီဖာ သင်စတုံးက မင်းဆိုပြခဲ့ဖူးတဲ့ သီချင်း မင်းဘာသာမင်း လမ်းခင်းလျှောက်ပါ......... ခုခေတ်မှာ တက္ကသိုလ်ဟာ စိန်ပန်းတွေနဲ့ မလှဘူး သစ်ပုတ်ပင်လဲ ပါမလာဘူး ကဗျာဆန်မှ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်မယ်ဆိုရင် မင်းနဲ့ ငါနဲ့ ဒီမှာပဲ သေခန်းရှင်ခန်းပြတ်လိုက်ရအောင် အသွားတွေတထက်ထက်မြနေမှတော့ ဟောဒါက ဘဝရဲ့လမ်းဆိုတာသေချာပြနေပြီလေ...... အနှစ်မရှိတဲ့တောမို့ ကြက်ဆူပင်မင်းမူတာလား ဟင်္သာဆိုတာ ပုံရိန်ပန်းချီထဲမှာသာ လှတာ မင်းလည်းသိ ငါလည်းသိ ဘာမှမထူးခြားတဲ့ ဘဲတကောင်ကို မလိုဘဲ တန်ဆာတွေ ဆင်ပေးမိတာကိုယ်က ငါတို့တွေအပြစ်မှန်းသိဖို့ အချိန်က အတော်လင့်နေပြီ......... ကျားမို့လည်း မရဲပါဘူး ဖားမို့လည်း မိုးမသဲပါဘူး အသွားမလွတ်တဲ့ စကားတွေကြောင့် အဖျားတက်ခဲ့ဘူးတဲ့ လူတွေအကြောင်း မင်း စာရင်းပြုစုထားတာ ပိုကောင်းမယ်ထင်တယ်.... ပြေးပြေး ပြေးပြေးပြေး ဝေးနိုင်သမျှ ဝေးဝေးပြေး ဝေးဝေးပြေးနိုင်သမျှ ဆုဖလားက ငါတို့လက်ထဲမှာပဲ ခွေးပြေးဝက်ပြေးလား အရှင်ပြေး အသေပြေးလား အပြင်ကမ္ဘာက အော်အော်ပြ အဲသည့်ပါးစပ်တွေကိုယ်က အပြေးသမားတွေလို ရှိုက်သံဟပ် ခင်ဗျားတို့ အသည်းနှလုံးက ပိုက်ဆံသက်သက်ပဲ ရှုရှိုက်တတ်သလား....... နောက်တနေ့မှာ ဒီဘဝကို ကွေ့ဖို့ အရေး အမေ့ကို ကျွန်တော် ဖုန်းခေါ်မေးအုံးမယ် သံသရာ မကြောက်သူတွေအဖို့ အံလေးနဲ့ ကြိတ်ဝါးလို့ရတယ် အသံသေးလေးနဲ့ ကြိတ်ဖားလို့ရတယ် ပြန်ပြေးဖို့တော့ မစဉ်းစားနဲ့ ဒီဘဝထဲမှာ အရှင်ထွက်မရှိ အသေထွက်ပဲ ရှိတယ်......... ချိတ်မှာမိတဲ့ ငါး သူ့ကို အမှားဆိုမလား အစာနဲ့ မျှားတဲ့ လူတွေကို အပြစ်ဆိုမလား ငတ်လာတဲ့အခိုက်မတော့ ပင့်သက်ကို ရှိုက်ထုတ် အဲဒါ သေမင်းရဲ့ ပြယုဂ်မှန်းသိလည်း သူတို့ ဖမ်းဆွဲကြရတော့တာပဲ.......... မသေမရှင်ပဲ အနမ်းတွေ ကြွေကြွေကျ အလွမ်းတွေ မြေဝယ်ခတော့ အရင်ဘဝက သူရဲကောင်းတွေတောင်မှ ခုတော့ ကြောက်ချင်ရောင်ဆောင်နေရော့ထင်တယ် နှလုံးသား ဗလာ ဦးနှောက် ဗလာနဲ့ စိန်တွေ ရွှေတွေ နောက်ကလိုက် ငွေအတွက်မိုက်တဲ့သူတွေက ဒီကမ္ဘာမှာ အထွဋ်အထိပ်တွေဖြစ်လို့ ဘယ်သူ တရားပျက်ပျက် ကျွန်တော် တရားမပျက်ဘူးဆိုတဲ့ လက်အစုံ ဘဝအခါးအသီးတွေနဲ့ ဆုံတဲ့အခါ သိုးမည်းတွေဖြစ်သွား သူတို့လည်း အဲသွားလေးနဲ့ ကြိတ်ဝါးတတ်သွားတယ်..... အစာငတ်တဲ့ ငါးအပြစ်လား အစာတပ်ပြီးမျှားတဲ့ လူတွေအပြစ်လား...... ခင်ဗျား စကားကို ဆင်ခြင်ပါ နှလုံးသားသန့်သန့်နဲ့ ရိုးသားမှုတွေဖွဲ့ ပညာရှိတွေပြည့်နေတဲ့ ခေတ်ဆိုတာ ကုန်ပြီ ပညာတတ်တွေ ပေါချင်ပေါမယ် ပညာမက်တွေ ပေါချင်ပေါမယ် ဘွဲ့ဒီဂရီတွေ ရှည်ချင်ရှည်မယ် ကမ္ဘာက အမှောင်ထုထဲ ကျနေဆဲ လည်ပတ်နှုန်းတွေ နှေးလွန်းတော့ တနေ့ဟာ ၂၄နာရီ မဟုတ်တော့ လူတွေရဲ့ သွေးတွေ မြေခ မျက်ရည်တွေ မြေကျ ဒါဟာ ည ဆိုမှ ည စစ်စစ်ပဲ............. နေဦး (၂၀၁၀ မတ် ၅၊ မနက် ၉း၅၃) ကဲပါ
ဒီစကားကပဲ ပြန်ကောက်ကြရအောင် အတူအိပ်ဖို့ဆန္ဒရှိရုံနဲ့တော့ အချစ်အချစ်လို့ ခေါင်းစဉ်မတတ်ပါနဲ့ ခင်ဗျားတို့ကြောင့် တကယ်ချစ်တတ်သူတွေက ရှက်တယ်...... ၂၄နာရီ ဈေးတန်းမှာ အလှပြင်ပြီးရောင်းနေကြတဲ့ ဈေးသမတွေ ဈေးသထီးတွေလိုပဲ ဈေးပေါပေါနဲ့ ရကြမယ်ဆို အချစ်ဆိုတာကို ဘယ်သူမှ ရေးကြီးခွင်ကျယ်ဖွဲ့ဆိုကြမယ် မထင်ဘူး........ ဒါပေမယ့် တခါတခါတော့ ခေါင်းစဉ်တွေတပ် အရှက်တွေလုံပြီး ကွယ်ရာမှာမှ ကြုံသလို ကစ်တတ်ကြတဲ့ လူမျိုးတွေ အစားတော့ ရိုးရိုးသားသား လုပ်စားရတဲ့ အဲသည့် ဈေးသမလေးတွေကို အထင်ကြီးတယ်....... ကောင်မလေးတွေ စကပ်တိုတိုဝတ်ပြီး ဒုတ်ထိုးဆိုင်လို ခုံပုပုမှာ ထိုင်တဲ့ကိစ္စလား အော်...... ဒါနားလည်ရင် ပြေလည်သွားမှာပါ အဲဒါ လာဘ်ခေါ်တာ ခေါ်တယ် လာဘ်ခေါ်ကြောင်တွေ အလုပ်မဖြစ်မှတော့ ချိုင်စားစား ပိုင်းစားစား ဘယ်လိုစားစား လာဘ်လာဘများဖို့က အရေးကြီးတယ် ရှက်တတ်ရင် ငတ်မယ့်အတူမှတော့ လာဘ်ခေါ်ဖို့အရေး အမေအဖေကတောင် ကူကူရွေးပေးတတ်သေးသကို.......... ခေတ်ကိုက အဲသလိုပဲ ငွေမြင်ရင် လင်လုပ်မည် ရသမျှ အကုန်ချိုင်ဖို့ မရှက်တမ်း မကြောက်တမ်း ယောက်ျားတွေက မိန်းမဖမ်းသလို မိန်းမတွေက လင်ဖမ်းတယ် နတ်လူသာဓု ခေါ်စေသော်ဝ်.......... နေဦး (၂၀၁၀ ဖေဖော်ဝါရီ ၁၁၊ နေ့လည် ၁၂း၀၃) ချစ်မိသူ။ ။
အချစ်စူး စူးမှတော့ အချစ်ရူးလို့ ဆိုမလား ရူးသည်ဆိုလည်း ဆိုပါစေ မူးသည်ဆိုလည်း ဆိုပါစေ ချစ်သူ ငါကိုယ်က အချစ်မှာရူး အချစ်အဆိပ်နဲ့ မူးနေခဲ့တာပါ ရာဇ၀င်တွေထဲကလို လက်မောင်းသွေးဖောက်မတိုက်ခဲ့ရဖူးပါဘူး ဒါပေမယ့် ငါ့လက်မောင်းသွေးတွေ မင်းအတွက် စီးဆင်းခဲ့ဖူးတယ် ချစ်သူ....... အချစ်ဆိုတာ တကယ်တော့ အရိပ်လို နောက်က လိုက်နေပြီး အဆိပ်လို မူးမေ့ သေဆုံးသွားအောင် လုပ်နိုင်တဲ့အရာပါ......... အချစ်သိသူ။ ။ အချစ်ရူးဆိုတာ အချစ်ကြောင့် ရူးတာပဲ မလား လူတယောက်ကြောင့် ရူးတာမှ မဟုတ်တာ.... အချစ်ဆိပ်ဆိုတာ လူကို တမြေ့မြေ့သတ်ပစ်တတ်တာမျိုးမလား ဒါပေမယ့် အဆိပ်နဲ့ အဆိပ်ကိုဖြေ ပြေသွားကြမှာပဲမို့ဟာ..... သွေးမြေကျမှ ရမယ်ဆို လွတ်လပ်ရေးနေ့မှာတောင် သေဆုံးသူတွေအတွက် ငါငိုခဲ့ဘူးတယ်......... သွေးမြေကျရတယ်ဆိုတာ ကြမ်းတမ်းမှုပါ ချစ်မိသူ....... အဆိပ်ကို အဆိပ်နဲ့ ဖြေကြစတမ်း ငါတို့ ၀ိုးတ၀ါးစမ်းလျှောက်ကြတဲ့ လမ်းမှာ သွေးစက်တွေ မြေမခပါနဲ့ အချစ်ဆိုတာ ပေးပါ ယူပါ သနားကြပါမျိုးမဟုတ်ဘူး...... ငါ့အတတ်နဲ့ ငါစူးလည်း စူးပါ့စေ မီးအိမ်မပါလည်း ငါ့လမ်းငါထူရမှာပဲလေ........ နေဦး (၂၀၁၀ ဖေဖော်ဝါရီ ၁၀၊ ညနေ ၄း၅၀) (မြင်မိတွေ့မိသော အဖြစ်အပျက်တခုကို ပြန်လည်ရေးဖွဲ့ခြင်းဖြစ်ပါသည်) ညလည်း မဟုတ်ပါဘဲ
အလင်းတွေက မှောင်လို့ ကြယ်လည်းမတွေ့ လ လည်း မတွေ့ နေကရော ဘယ်ကိုများ ရွေ့သွားသလဲ..... တိုးတိုက်မိခဲ့တဲ့ နာရီကို အရေပြားခွံချွတ်ကြည့်တော့ လက်တံနှစ်ခုက မသမာမှုတွေကို တစ် တောက် တစ် တောက် ဆိုတဲ့ အသံနဲ့ ရွှေ့ရွှေ့ပေးနေဆဲ....... ရှစ်သိန်းတန်များက ဘာအတွက်လဲ လမ်းလျှောက်ဖို့လား လမ်းပျောက်ဖို့လား အလင်းဖောက်ဖို့လား အလင်းပျောက်ဖို့လား အသွေးနဲ့အသားနဲ့မို့ အူမစောင့်မှ သီလတောင့်တဲ့ ကဗျာ လူတွေကတောင် သြချယူရတယ်တဲ့လား....... အများအကျိုးအတွက် ကိုယ်ကျိုးကို စွန့်ကြသလို တချို့ကျတော့လည်း သူတို့အကျိုးအတွက် အများကို စွန့်တယ် ဘယ်ဘက်က ချိန်ခွင်သာသလဲ "ကြည့်စမ်း ရတဲ့နေရာက အမိုက်နော် သူကိုယ်က ညံ့လို့ ခုထိ စီးပွားမဖြစ်တာ" ဆိုတဲ့ လူ့မလိုင် ပတ်ဝန်းကျင်ကြားမှာ အဖြေဟာ လွယ်ကူလွန်း ရှင်းလင်းလွန်းနေသလားပဲ....... ရိုးသားမှုဆိုတာ ........ဘာလဲ။ ခြစားမှုဆိုတာ ..........ဘာလဲ။ တရားဆိုတာ ...........ဘာလဲ။ အဓမ္မဆိုတာ ............ဘာလဲ။ ထထပြီး ဟစ်တတ်တဲ့ သူတွေကိုယ်တိုင်က မှန်ထဲမှာ ကိုယ့်ရုပ်ထက်ပိုပြီး စိတ်ကို ပြန်မကြည့်ခဲ့လေတော့......... ခု ကျွန်တော်လည်း ကိုယ်အကျိုးသက်သက်အတွက်ပဲ အလုပ်တွေကို လုပ်နေဆဲ....... သူငယ်ချင်း မိတ်ဆွေ အားလုံးပဲ ငရဲပြည်မှာ ထပ်တွေ့ကြမယ်..... နေဦး (၂၀၁၀ ဖေဖော်ဝါရီ ၈၊ မနက် ၁၀း၅၃) ရွံ့ရှာ ထင်သေး
မင်းတို့တွေးလည်း အညှီအဟောက် အရွှန်းဖောက်သည် ရိုင်းသည်ဆိုလည်း ထင်ပေရော့...... ရုန့်ရင်းကြမ်းတမ်း မိုက်ရမ်းရမ်းလျက် ယမကာ မလစ် ငါ့အဖြစ်သည် လူအရိုင်းစစ်စစ်ဖြစ်ချေမည်...... ဘုရား တရား ဦးထိပ်ထားလျက် ယဉ်ကျေး နှုတ်ချို သင်တို့ဆိုကာ ၀တ်စား လုံခြုံ သင်တို့ပုံကား လေးစားလောက်ဖွယ် လွန်တင့်တယ်၏.......... အားလုံး ထိုထို မဆိုသော်လည်း ငါသိသမျှ မြင်သမျှကား ဘုရားဘုရား ပါးစပ်ဖျားလည်း တရား လက်လွတ်နေချေပြီ ကုသိုလ်အလှု လွန်ပြုသူလည်း အကျိုးအတွက် ရည်ရွယ်ပြီ အပေးအကမ်း လွယ်လွယ်လှမ်းလည်း ပြန်ရချက်ကို ခင်တွယ်သည်........ တရားကိုမရှာ တရားသာနာလျက် စိတ်ပုတီးကိုကိုင် ဒေါသစိုင်ခဲ အမျက်သဲလျက်......... ရိုင်းချင်ရိုင်းပစေ မယုတ်မာပေးဘူး စိုင်းချင်သလို စိုင်းပစေ ဒုက္ခပင်လယ်မဝေစေဘူး ရိုင်းချင်သလိုရိုင်း စိုင်းချင်သလိုစိုင်းလည်း ကတိမြဲမြံ တရားမှန်လျက် အမွဲဘ၀ ကျေနပ်ရပြီ အရေခြုံသော ၀ံပုလွေသည် ဘယ်သူနည်း.......... နေဦး (၂၀၁၀ ဇန္န၀ါရီ ၂၇၊ ညနေ ၅း၄၃) Ada ..... Ada ..... Ada
တမ်းတခြင်း စွဲလမ်းခြင်း ချစ်ခြင်း အကြောင်းအမျိုးမျိုးကို ခေါင်းစဉ်တပ်ခဲ့သည့် ကျွန်တော်က သူမကို ခေါ်တတ်သည့် နာမည်ဖြစ်သည်။ အရာရာက ညင်သာလွန်းလှသည် နောက် ခွဲခြားဖို့ရန် ခက်လွန်းလှသည်။ မျက်လုံးများက ရီဝေတိမ်ဝါးနေရင်း အဖြူနှင့်အမဲကို ကျွန်တော်မကွဲ။ အရောင်တွေက နီးကပ်လွန်းလှသလို ကျွန်တော့်အမြင်ကလည်း မစူးရှလွန်းတာပါသည်။ ရုပ်ပုံကားချပ်တို့သည် ၀ိုးတိုးဝါးတား။ တခါတခါ အားပြတ်နေသူတယောက်လို၊ အမူးလွန်နေသူတယောက်လို ပုံရိပ်တွေက လူးလားဆန်ခတ်နေသည်။ စကားတွေ အရမ်းများလာသလားတော့ ကျွန်တော်မသိ။ သိတာတော့ တခုရှိသည် ကျွန်တော် ကောင်းကောင်းမသိချင်တော့။ ကျွန်တော် အိပ်မက်ထဲမှာလား ဒါ အိပ်မက်လားဆိုတာလည်း ကျွန်တော်မသိ။ နိုးတ၀က် အိပ်တ၀က်နှင့် မျက်လုံးများက အရောင်စူးရှရှတွေကိုပဲ မြင်သည်။ အသိတွေက လူးလွန့်လှလွန်းသည်။ မပြည့်လို့ပဲ ဘောင်ဘင်ခတ်တာလား သိခြင်း တပိုင်းတစကပဲ နာကျင်စေရက်တာလား။ အိပ်မက်များလိုပင် ဘယ်က စသည်ကိုလည်း ကျွန်တော်မသိခဲ့သလို။ ဘယ်အချိန်တုန်းက ဒီနေရာကို ရောက်နေသည်ကိုလည်း ကျွန်တော်မသိတော့။ ကျွန်တော့်အတွေးများနဲ့ ထပ်တူ ကျွန်တော်ကိုယ်တိုင်ကလည်း လူးလားဆန်ခတ်နေသည်။ ကိုယ်ရပ်တည်နေရာသည် ဘယ်မှာလဲ။ လူအများလိုပဲ ကျွန်တော်လည်း ငါ ဘာလဲ ငါ ဘယ်နေရာမှာလည်း မသိ။ ဒီဇာတ်မှာ မင်းသားလား လူကြမ်းလား ဒါရိုက်တာလား ကားဆွဲလား ဒါလည်း ကျွန်တော်မသိ။ သွားစရာရှိတာ သွားပြီး စားစရာရှိတာ စားရင်း ကျွန်တော်အသက်ဆက်ရှင်နေခြင်းသာဖြစ်သည်။ ကံကောင်းတာကတော့ အလှမွေးခွေးကလေးများလို လမ်းလျှောက်မပေးရင် ခြေမသန်တာတွေ မဖြစ်လွယ်။ ကျွန်တော် သိသလောက်တွေကို ထပ်သိဖို့ကြိုးစားရင်း ထပ်မသိဖို့ ကြိုးစားရင်း အခါခါ အိပ်မောကြပစ်သည်။ တော်ရုံတန်ရုံနဲ့ ခြေသိမ်သွားမှာမှ မဟုတ်တော့လည်း အိပ်ခြင်းကပဲ ထပ်တူကြလာသလိုလို။ ဘာတွေ လိုအပ်မှန်းမသိသလို ဘာတွေတောင်းဆိုမှန်းနားမလည်မှတော့ ကျွန်တော်လုပ်နိုင်သည်က Ada ပြောသမျှကို သိသိမသိသိ လက်ခံလိုက်ဖို့သာဖြစ်သည်။ ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်လားတော့ မသိပဲ သဲတိုင်အောင် ငုပ်ဖို့ ကြိုးစားရင်း ထိပ်ဆုံးရောက်အောင် တက်ဖို့ကြိုးစားရင်းမှာပဲ Ada ပြောပြောပြတတ်တဲ့ လိုအင်တွေက ရွေ့ရွေ့သွားသည်။ ငုပ်မိသဲမတိုင်သော်လည်း ရောက်လုမတတ်ဖြစ်ဘူးတယ်ဆိုရုံနဲ့ စကားအလှခင်းတတ်မှ၊ ကြွားလုံးတွေထုတ်ထုတ်ပြီး အများကို ကိုယ့်စွမ်းဆောင်ရည်တွေ ပြတတ်မှ အလုပ်ဖြစ်မယ်ဆိုတာ အများလို မသိခြင်းကပဲ ကျွန်တော့်မှာ သောကဖြစ်နေပြီ။ အိပ်မက်ကလည်း မနိုးထသေး.... ၀ိုးတ၀ါးပုံရိပ်တွေကို ပဟေဠိဆက်သလို ဆက်ရင်း အရာရာကသာ ပိုလို့ ၀ိုးတ၀ါးနိုင်လာသည်။ နောက်ပြန်လှည့်ကြည့်ဖို့ ကြိုးစားတော့လည်း အရာရာသည် မပီပြင်တော့ ကိုယ့်ကိုယ်ကိုယ်ပင် မပီပြင်ချင်တော့။ ကျွန်တော်မသိသော Ada ကို ကျွန်တော်အိပ်မက်ထဲမှာ ပြန်ရှာစရာမလိုအောင် တွေ့တွေ့နေခြင်းကို ကျွန်တော်မနှစ်သက်။ ဒါပေမယ့် သူမနဲ့ တွေ့ဖို့ အိပ်မက်ထဲ ခဏခဏ ကျွန်တော် ၀င်လှဲတတ်သည်။ သူမ၏အသက်မပါသော လေရှုသံသဲ့သဲ့ကိုပင် ကျွန်တော်ကြားနေရသည် တိုးကပ်လွန်းသလားတော့ မသိ။ အေးစက်စက်တော့ နိုင်လွန်းလှသည်။ သူမတခါတရံပြောပြတတ်တာကတော့ ရင်ထဲမှာ မီးမြိုက်ထားသလို ပူလောင်လွန်းသည်တဲ့။ အကွေ့တွေများလွန်းသော လမ်းမှာ လမ်းသွယ်တိုင်းကို လျှောက်ကြည့်ဖို့ ကြိုးစားတဲ့ အေးစက်စက်သူမကို ကျွန်တော်ကတော့ Ada ဟုသာ ခေါ်သည်။ အိပ်မက်များက မပီပြင် ၀ိုးတ၀ါး ခုထိတော့ အဖြူလား အမဲလားလည်း ကျွန်တော်မသိသေး၊ အိပ်မက်လား လက်တွေ့လားလည်း ကျွန်တော်မသိသေး၊ အိပ်မက်မက်ရင်း နိုးနေသလိုလို ရင်တွင်းမှာ ပူလောင်တတ်သည့် သူမက ကျွန်တော့်အတွက်တော့ အေးစက်စက်ခံစားမှုကို ပေးနေဆဲဖြစ်သည်။ သူမကို မတွေ့ချင်ပေမယ့် အိပ်မက်ထဲမှာ ပြန်ရှာဖို့ ကျွန်တော် တရေးအိပ်စက်ကြည့်ဦးမည်.............. (Bulgarian စကား အရ Ada ဆိုသည်မှာ ငရဲကို ဆိုလိုခြင်းဖြစ်ပါသည်) နေဦး (၂၀၁၀ ဇန္န၀ါရီ ၇) ကျော်လွန်ခဲ့ပြီလေ
ခရစ္စမတ်ရယ် သိုးဆောင်း နှစ်သစ်ကူးရယ် နှင်းတွေ ဖြူဖြူ မကျလည်း ငါတို့ ဂွမ်းစ ဖြူဖြူတွေနဲ့ အသားကျနေသလိုပါပဲ မဟုတ်မှန်းသိလည်း အကျေနပ်ကြီး ကျေနပ်နေတာမျိုးမလား ဖိုးတွမ်တီးဆိုတာ ဖုံးဖုံးကွယ်ကွယ် မြင်ကောင်းတော့လည်း လူကျေနပ်စရာကြီးလေ....... ဒီနေ့ဆို ဇန်န၀ါရီ ၄ရက်မို့ ငါတို့ တိုင်းပြည် မွေးရက်ရောက်ပြီပေါ့ ငါတို့ ၄း၂၀ နဲ့ လွတ်လပ်ခဲ့ အကျေနပ်ကြီး ကျေနပ်နေသူတွေကလည်း စည်းစိမ်တွေမူးလို့ မကျေနပ်ခြင်းများစွာနဲ့ မကျေနပ်သူတွေကလည်း ဒေါသတွေ တရှုးရှုးနဲ့ပေါ့ ငုတ်တုတ်ထိုင်နေရင်း ကျွန်တော်လည်း ကယ်တင်ရှင် မင်းလောင်းမျှော်ဆဲ အစားလည်း မပျက် အအိပ်လည်း မပျက် ပါးစပ်ကတော့ ဂါထာတွေ ထထရွတ်တတ်တယ် ဖိုးတွမ်တီးနဲ့ အသားကျနေဆဲပဲ....... နေဦး (၂၀၁၁ ဇန္န၀ါရီ ၄၊ ညနေ ၆နာရီ) ကမ်းပါးမှာပဲ ပေါက်ချင်ခဲ့တဲ့ သစ်ပင်မို့
အမြစ်တွေ နှင်ထွက် ရေစီးနဲ့ မျောချင်ရက်တယ်ဆိုလည်း ဘယ်တတ်နိုင်ပါ့မလဲ....... တည်တည်တံ့တံ့နဲ့ ရှင်သန်နိုင်တဲ့ ကမ်းတခုရှိပေမယ့် သူ့အမြစ်တွေကိုက ဟိုကမ်းကပ်ချင် ဒီကမ်းကပ်ချင်ဆိုမှတော့ ခုတ်ထွင်မရှင်းပါဘူး သူ့ဟာသူ ရေစီးအလျဉ်နဲ့ မျောလိုက မျောစေပေါ့....... တြိဂံတွေထက် စာရင်တော့ အပေါ်မရောက်ရင်နေ ကျွန်တော်ကတော့ လမ်းဖြောင့်ဖြောင့်ပဲ လျှောက်တယ်........ နေဦး (၂၂ နိုဝင်ဘာ ၂၀၁၀၊ ညနေ ၅း၂၃) ရိုးသားမှုတွေ
ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်လာခဲ့ရာက အရွယ်ရောက်မှုနဲ့အတူ အပျိုရည်ပျက်သွား ခင်ဗျားတို့ နားခါးကြသလားဗျာ.... အလင်းတွေ တောက်ပြရာ နေရာတလျှောက် ကျွန်တော်တို့လည်း ရောင်တော်ပြန်တွေ ပေါက်ခဲ့ကြပေါ့ ဒါ နေရဲ့ အလင်းလား လရဲ့ အလင်းလား ဘယ်သူများ မေးခဲ့ကြတာမို့...... ပြေလည်ရာ ပြေလည်ကြောင်း ငါးပွက်ရာ ငါးစာရောင်းထွက်တုန်းက ငါးစာချချင်သူများအကြား ကျွန်တော် အတော်တော့ စီးပွားဖြစ်ခဲ့သား....... ဖားသားကို ကြိုက်သူတွေနဲ့ စကားစမြည်ပြောဖို့ ကျွန်တော်ကတော့ အသားတန်း အသွေးတန်းကိုပဲ ရွေးတယ်......... ကျွန်တော်လည်းလေ ပါးစပ်ရဲရဲဟနိုင်ဖို့ အရေး ကာရာအိုကေဆိုင်များများထိုင် အယ်ကိုဟောတွေ များမျာသောက် အခုခေတ်ဟာ ပေါက်တတ်ကရ ပြောတတ်မှ လူအထင်ကြီးတဲ့ ခေတ်မလား....... Branded ဖြစ်တဲ့ အင်္ကျီကိုဝတ် လူအထင်ကြီးစေတဲ့ ဖုန်းကိုကိုင် ဈေးကြီးပါတယ်ဆိုတဲ့ အိတ်ကိုဆွဲ အထဲက ဒီအကောင်က စိတ်တွေ ဘယ်လောက်ပုပ်ပွနေလဲ လူတွေထဲမှာ ရွှိုင်းတယ်ဆိုလား ဘာဆိုလားပဲ.... ကျွန်တော်လည်း တနေ့ထက် တနေ့ တနေ့ထက် တနေ့ ဝေးသထက် ဝေးလာခဲ့တဲ့ ရင်နဲ့ အဇ္ဈတစိတ်သဏ္ဍာန်အမှန်ကို ကျရှုံးမှုတွေ မြန်မြန်လာတယ်......... နေဦး (၂၀၁၀ ဒီဇင်ဘာ ၂၊ ညနေ ၆နာရီ) |
Archives
May 2011
Categories |